အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေးကွန်ရက်(EANET) ၏ အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့် လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ

အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေးကွန်ရက်(EANET)

အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့် လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ

          ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)တို့ ပူးပေါင်းပြီး “အမျိုးသားအဆင့် အက်ဆစ်ဖြစ်ထွန်းမှုနှင့် လေထုညစ်ညမ်းမှု စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ လူထုအသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင်  နေပြည်တော်၊  Hotel Royal Aster တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှုစောင့်ကြည့်လေ့လာရေးကွန်ရက်(EANET)မှ အတွင်းရေးမှူး  Mr. Tomi Haryadi မှ အဖွင့်အမှာစကားပြောကြားခဲ့ပါ သည်။

        အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များမှာ လေထုညစ်ညမ်းမှု ကာကွယ်တားဆီးရေးနှင့် ယင်းနှင့်ဆက်စပ်သည့် ကိစ္စရပ်များအပေါ် သိရှိနား လည်စေရန်နှင့် လက်ရှိဆောင်ရွက်နေသော လေထုညစ်ညမ်းမှုလျော့ပါးရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် စွမ်းဆောင်ရည် တိုးမြှင့်စေရန်တို့ဖြစ်ပါသည်။

         အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်း ဝန်များ၊ အရှေ့အာရှ အက်ဆစ်ဖြစ်ထွန်းမှု စောင့်ကြည့်လေ့လာရေး ကွန်ရက် (EANET)မှ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ပညာရေးဌာနများ၊ သုတေသနအဖွဲ့အစည်းများနှင့် တက္ကသိုလ်များ၊ ပုဂ္ဂလိကအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ စုစုပေါင်း (၆၀)ဦး ခန့်တက်ရောက်ခဲ့ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲတွင် EANET မှ ကျွမ်းကျင်ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များမှ  EANET အဖွဲ့ဝင်နိုင်ငံများတွင် လက်ရှိအကောင် အထည်ဖော်ဆောင်ရွက်နေသည့် အစီအစဉ်များနှင့် စီမံကိန်းလုပ်ငန်းများ၊ ရာသီဥတုပြောင်းလဲမှုကြောင့် အက်ဆစ်ဖြစ်ထွန်းခြင်းနှင့် လေထုညစ်ညမ်းမှုဖြစ်စဉ်များကို သက်ရောက်မှုများ၊ ဒေသတွင်းနိုင်ငံများတွင် မျက်မှောက်ကာလ၌ ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုဖြစ်စဉ်များ၊ စောင့်ကြည့်လေ့လာသည့် ရလဒ်နှင့်တွေ့ရှိ ချက်များ၊ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများနှင့် အောင်မြင်မှုများကို အပြန်အလှန်ဆွေး နွေးခြင်းနှင့် လေထုညစ်ညမ်းမှုလျော့ပါးရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့လိုက်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။